18/09/2025
မရှိမဖြစ် Five spices powder ✔️
ဒီနေ့မှာတော့ Gaijin Kitchen မှာ အမြဲထည့်သုံးတတ်တဲ့ Chinese Five Spice Powder (တရုတ်ငါးမျိုးစပ်အမှုန့်) အကြောင်း ပြောပြပေးပါမယ်။
တရုတ်ငါးမျိုးရောစပ်အမှုန့် (五香粉) ဟာ တရုတ်အစားအစာချက်ပြုတ်ရာမှာ အရေးပါတဲ့ အမှုန့်တစ်မျိုးဖြစ်သလို ဟင်းအရသာကိုလည်းထူးခြားကောင်းမွန်စေပါတယ်။
ပါဝင်တဲ့ပစ္စည်း(၅)မျိုးမှာ—
၁။ နာနတ်ပွင့် - Star anise (八角, ba jiao)
၂။ လေးညှင်းပွင့် - Cloves (丁香, ding xiang)
၃။ သစ်ကြံပိုး - Chinese cinnamon/cassia (肉桂, rou gui)
၄။ စမုံစပါး - Fennel seeds (小茴香, xiao hui xiang)
၅။ စီချွမ်ငရုတ်ကောင်း - Sichuan peppercorns (花椒, hua jiao) (သို့) ငရုတ်ကောင်းအဖြူ (白胡椒 , bai hujiāo) တို့ပဲဖြစ်ပါတယ်။
(မိမိသုံးတဲ့တံဆိပ်ပေါ်မူတည်ပြီး ပါဝင်တဲ့ spice အရေအတွက်တွေလည်း အတိုး၊အလျှော့ရှိနိုင်ပါသေးတယ်။)
ကျန်းမာရေးအကျိုးကျေးဇူးများ—
- နာနတ်ပွင့်နှင့်စမုံစပါးက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
- သစ်ကြံပိုးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
- လေးညှင်းပွင့်က ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်စွမ်းရှိပြီး
- စီချွမ်ငရုတ်ကောင်းက အစာစားချင်စိတ်ကို လှုံ့ဆော်ပေးစေတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။
အသုံးပြုပုံ—
- အသားနှပ်ခြင်း (အထူးသဖြင့် ဝက်သားနဲ့ဘဲသား)
- ဆီပြန်ဟင်းများ
- ကြော်လှော်ဟင်းများ
- စွပ်ပြုတ်များ
- အသားကင်များ
ပုံမှာပြထားတဲ့အထဲက အလယ်ကမြှားပြထားတဲ့ Chinese Five Spice Powder ကတော့ Gaijin Kitchen ရဲ့လက်စွဲပါပဲ ✔️(Amazon Japan မှာလည်းရနိုင်ပါတယ်)
တရုတ်ငါးမျိုးစပ်အမှုန့် သုံးပြီး ဟင်းချက်နည်းတချို့ကိုလည်းဖော်ပြသွားပါမယ်။
၁။ ငါးမျိုးစပ်အမှုန့်သုံး ကြက်ကင် (五香烤鸡)
လိုအပ်သောပစ္စည်းများ—
- ကြက်တစ်ကောင်လုံး( အလေးချိန် 1.3-1.8 kg အရွယ်ခန့် )
- ငါးမျိုးစပ်အမှုန့် လက်ဘက်ရည်ဇွန်း၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း
- ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူ ၂ မွှာ (ထောင်းထားသော)
- ဂျင်း ၁ လက်မခန့် (ကြိတ်ထားသော)
- ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
ချက်ပြုတ်နည်း—
၁။ ငါးမျိုးစပ်အမှုန့်၊ ပဲငံပြာရည်၊ ပျားရည်၊ ဆီ၊ ကြက်သွန်ဖြူနှင့် ဂျင်းကို ရောမွှေပါ။
၂။ ကြက်တကောင်လုံးအတွင်း၊အပြင် အရသာဝင်အောင်နယ်ပါ။
၃။ ကြာချိန် (၄-၂၄) နာရီကြား နှပ်ထားပါ။
၄။ အပူချိန် 375°F (190°C) တွင် ကြာချိန် (၁-၁.၅) နာရီကင်ပါ။
—————————————————————
၂။ ငါးမျိုးစပ်အမှုန့်သုံး ဝက်သုံးထပ်သားပေါင်း (五香红烧肉)
လိုအပ်သောပစ္စည်းများ—
- ဝက်သုံးထပ်သား 900 Gram
- ငါးမျိုးစပ်အမှုန့် လက်ဘက်ရည်ဇွန်း ၁.၅ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ဇွန်း
- ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း ၁ဇွန်း
- ရေ 500 ml
- နာနတ်ပွင့် ၂ ခု
- သကြားအနည်းငယ် or သကြားခဲ (အချိုနှစ်သက်သလောက်ထည့်ပါ)
ချက်ပြုတ်နည်း—
၁။ ဝက်သားကို မကြီးမသေးအနေတော် အတုံးလိုက်လေးတွေ တုံးပါ။
၂။ ဒယ်အိုးတွင် ဆီပူပူထဲ သကြားထည့်ပြီးအရောင်ပြောင်းလာလျှင် ဝက်သားကို ထည့်ကြော်ပါ။
၃။ အမှုန့်နှင့် အရည်များထည့်ပါ။
၄။ ကြာချိန်(၁.၅-၂)နာရီခန့် မီးမပြင်းပဲ အသားများနူးအိလာသည်အထိ တည်ပေးပါ။
—————————————————————
၃။ ဟင်းသီးဟင်းရွက်ကြော် (五香炒青菜)
လိုအပ်သောပစ္စည်းများ—
- နှစ်သက်ရာ ဟင်းသီးဟင်းရွက်အမျိုးမျိုး
- ငါးမျိုးစပ်အမှုန့် လက်ဘက်ရည်ဇွန်း ၁/၄ ဇွန်း
- ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
- ကြက်သွန်ဖြူနှင့် ဂျင်း
- ဆား
ချက်ပြုတ်နည်း—
၁။ ဆီကို ငါးမျိုးစပ်အမှုန့်နှင့်အတူ အပူပေးဆီသတ်ပါ။
၂။ နှစ်သက်ရာအမွှေးအနံ့များ ထည့်ပါ။ (ဥပမာ- ကြက်သွန်နီ၊ဖြူ ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ငရုတ်သီး စသဖြင့်)
၃။ ဟင်းသီးဟင်းရွက်များကို ကြော်ပါ။
၄။ အရသာနှစ်သက်သလိုထပ်ဖြည့်ပါ။
တရုတ်ရိုးရာ yin and yang ☯️သဘောတရားအရ အချို၊ အပူ၊ အငန်၊ အချဉ် စတဲ့အရသာတွေ ဟန်ချက်ညီအောင် ထည့်သုံးခြင်းဖြစ်ပါတယ်။
အသုံးပြုရန် အကြံပြုချက်များမှာ—
၁။ အရသာပြင်းသောကြောင့် အနည်းငယ်သာသုံးပါ။
၂။ အရသာပိုမိုကောင်းမွန်စေရန် ချက်ပြုတ်ခြင်းအစပိုင်းမှာ ထည့်ပါ။
၃။ အပူနှင့်နေရောင်မထိတွေ့အောင်လေလုံသည့် ဘူးတွင်ထည့်ပြီး သိမ်းဆည်းပါ။
၄။ အသစ်ကြိတ်တဲ့အမွှေးအနံ့ကအကောင်းဆုံးဖြစ်တဲ့အတွက် လက်လက်ဆတ်ဆတ်ကြိတ်သုံးရင် အကောင်းဆုံးပါပဲ။
၅။ တခြားသော spice အမှုန့်တွေရဲ့ အစားထိုးအနေနဲ့လည်း သုံးနိုင်ပါသေးတယ်။
လွယ်ကူသောအသုံးပြုပုံများ—
၁။ အသားအရသာနှပ်ခြင်း
- အသား 450gram အတွက် ၅မျိုးစပ်အမှုန့်လက်ဘက်ရည်ဇွန်း ၁-၂ ဇွန်း သုံးပါ။
- အသားရဲ့အစိုဓာတ်ကောင်းမွန်စေရန် ဆီနှင့်ရောနယ်ပေးပါ။
- ကြာချိန် ၄-၂၄ နာရီကြာ နှပ်ထားပါ။
၂။ အကင်အတွက် အမှုန့်ဖြူးခြင်း
- အသားကို ခြောက်သွေ့အောင်သုတ်ပါ။
- ၅မျိုးစပ်အမှုန့်ကို ဆား၊ သကြားနှင့်ရောစပ်ပါ။
- မကင်မီ မိနစ် ၃၀ အရင်နယ်ပေးပါ။
၃။ ပြုတ်ခြင်း၊ပေါင်းခြင်း
- အရည်နှင့်အတူ စထည့်ပါ။
- အရည် 500mlလျှင် ၅မျိုးစပ်အမှုန့်လက်ဘက်ရည်ဇွန်း ၁-၁.၅ ဇွန်း သုံးပါ။
- ပဲငံပြာရည်၊ ဟင်းချက်ဝိုင်တို့နှင့် တွဲဖက်အသုံးပြုနိုင်ပါတယ်။
၄။ ကြော်ခြင်း
- ဆီပူတွင် ၅မျိုးစပ်အမှုန့် အရင်ထည့်ပါ။(စစချင်းကြော်ချက်ချိန်တွင် ထည့်ပါ)
- အနည်းငယ်သာသုံးပါ (လက်ဘက်ရည်ဇွန်း ၁/၈-၁/၄ ဇွန်း)
အရသာပိုမိုကောင်းမွန်စေရန် နည်းလမ်းများ—
၁။ အသုံးမပြုမီ အမှုန့်များကို အနည်းငယ်လှော်ပါ။
၂။ ပဲငံပြာရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဟင်းချက်ဝိုင် နှင့် တွဲဖက်အသုံးပြုပါ။
၃။ ချက်ပြုတ်ချိန်ပေါ်မူတည်၍ အမှုန့်ကိုပမာဏချိန်ညှိပါ။
- ကြာကြာချက်ရသည့် ဟင်းများတွင် ပိုသုံးပါ။
- မြန်မြန်ချက်ရသည့် ဟင်းများတွင် လျှော့သုံးပါ။
#外人キッチン #五香粉
Gaijin Kitchen Page ရဲ့ကိုယ်ပိုင်ဖန်တီးဖော်ပြမှုများကို Credit သုံး၍ Copy ယူခြင်း ❌ ၊ တခြား page မှာ ယူတင်ခြင်း ❌ မှလွဲ၍ လွတ်လပ်စွာ ✔️ Share button ဖြင့်အားပေးနိုင်ပါတယ် ။