23/02/2024
အိမ်မှာပန်းချီကားလေးတစ်ချပ်ရှိတယ်။ အင်မတန်မှရိုးရှင်းတယ်။
နေကြာပန်းကလေးရဲ့ပုံပါပဲ။ ထူးဆန်းတာကတော့ တခြားပန်းချီကားတွေလို ကြည့်တဲ့သူကို မျက်နှာလှည့်ပြနေတဲ့ နေကြာပန်းကလေးမဟုတ်ဘဲ ကျောခိုင်းထားတဲ့ နေကြာပန်းကလေးဖြစ်နေတာပဲဖြစ်ပါတယ်။
သူမျက်နှာမူထားတာက တောက်ပနေတဲ့ နေရောင်ရှိတဲ့အရပ်ကိုပါပဲ။ နေကြာပန်းကလေးတွေရဲ့ တောက်ပတဲ့အဝါရောင်ဟာ ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်။ နေကြာပန်းခင်းထဲကိုရောက်လို့ရှိရင် ဓာတ်ပုံတစ်ပုံတော့အမှတ်တရရိုက်ချင်တာပဲမဟုတ်လား။ မြင့်မားတဲ့ရိုးတံတွေရှိတယ်။ နေဘက်ကို မျက်နှာမူထားတယ်။ အဲဒီနေကြာပန်းကလေးတွေကနေ ဘဝရဲ့သင်ခန်းစာတွေကို အများကြီးရယူနိုင်ပါတယ်။
🌻Face the light
အလင်းကိုမျက်နှာမူပါ။
နေဘက်ကိုမျက်နှာလှည့်ထားတဲ့ နေကြာပန်းကလေးတွေဟာ ကျွန်မတို့ရဲ့ဘ၀မှာ အလင်းကိုရှာဖွေဖို့ အရေးကြီးကြောင်း သွန်သင်ပေးပါတယ်။ အမှောင်ထဲမှာတောင် အလင်းရှိတယ်။ အလင်းရောင်ကိုအာရုံစိုက်ရင်း ဘ၀ဟာမျှော်လင့်ချက်တွေ ရှိနေသေးကြောင်းကိုပြပါတယ်။ Positive Outlook နဲ့ နေထိုင်သွားဖို့ကို ညွှန်ပြနေပါတယ်။
🌻Adapt to change
လိုက်လျောညီထွေရှိပါ။
နေကြာပန်းဟာ နေရှိတဲ့နေရာကို ရွေ့လျားနိုင်တယ်။ နေရှိတဲ့ဘက်ကို မျက်နှာလိုက်လှည့်နေတယ်။ အပြောင်းအလဲတွေကို ရင်ဆိုင်ရာမှာ လိုက်လျောညီထွေရှိမှုနဲ့ ခံနိုင်ရည်ရှိမှုရဲ့တန်ဖိုးကို သင်ပေးနေတာ ဖြစ်ပါတယ်။ ခက်ခဲတဲ့အခြေအနေတွေမှာ နေကြာပန်းကလေးတွေလို ချိုးဖဲ့ဖို့မလိုဘဲ အသာအယာ ကွေးညွှတ်ပျော့ပျောင်းနိုင်ဖို့လိုပါတယ်။
🌻Nurture our Potential
ကြီးထွားမှုအတွက် ပြုစုပျိုးထောင်ပါ။
နေကြာပန်းတွေဟာ မြေကြီးမှာစိုက်ထားတဲ့ အစေ့ငယ်လေးတွေကနေ စတင်ခဲ့ကြတာဖြစ်ပါတယ်။အခြေအနေတစ်ခုမှာ သူတို့ဟာလှပ မြင့်မားတဲ့ပန်းပင်များအဖြစ် ပေါက်ရောက်လာခဲ့ကြတယ်။ ကျွန်မတို့ရဲ့ဘဝမှာ ကြီးထွားမှု Growth ဆိုတဲ့အရာဟာ ချက်ချင်းရလာတာမဟုတ်ဘဲ စိတ်ရှည်မှု၊ အာဟာရနဲ့ ဇွဲလုံ့လတို့ လည်း လိုအပ်တယ်ဆိုတာကို သဘောပေါက်ဖို့ ဖြစ်ပါတယ်။ အဲဒီအရာတွေဟာ တဖြည်းဖြည်းနဲ့ ကြီးထွားပြည့်စုံလာတဲ့ Process လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
ဒါကြောင့် အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေကို ပြုစုပျိုးထောင်ရင်းနဲ့ ကိုယ့်ရဲ့ကြီးပွားတိုးတက်မှု အလားအလာ Potential of Growth ကို ရယူရမှာဖြစ်ပါတယ်။
🌻Cultivate the Community
လူမှုပတ်ဝန်းကျင်ကို အလေးထားပါ။
နေကြာပန်းတွေ အစုလိုက်အပြုံလိုက် ပေါက်နေတာကိုကြည့်ပြီး ဘ၀မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လူမှုအသိုင်းအဝိုင်းရဲ့ ပံ့ပိုးကူညီမှုတွေဟာ အရေးပါတယ်ဆိုတာ နားလည်ရတာဖြစ်ပါတယ်။ ဘဝတွေဟာ ချစ်ရသူတွေရဲ့မေတ္တာ၊ အားပေးမှု၊ ချိတ်ဆက်မှုတွေနဲ့ ဝန်းရံထားတဲ့အခါ ပိုပြီးအောင်မြင်ပျော်ရွှင်နိုင်ပါတယ်။ အခက်အခဲရှိတဲ့အခါ စကားပြောပါ။ ရင်ဖွင့်ပါ။ တိုင်ပင်ပါ။ နားထောင်ပါ။
🌻Embrace the Cycles of Life with Grace and Courage
ဘဝသံသရာစက်ဝန်းကို သတ္တိရှိစွာရင်ဆိုင်လက်ခံပါ။
လောကရဲ့မတည်မြဲခြင်းသဘောအရ ဘယ်အရာမဆို နောက်ဆုံးမှာ ကွယ်ပျောက်သွားရမှာပဲဖြစ်ပါတယ်။ နေကြာပန်းကလေးတွေဟာလည်း နောက်ဆုံးမှာ သူတို့ရဲ့ ဘဝစက်ဝန်း အဆုံးသတ်ကို ရောက်ရှိပြီး၊ အပွင့်တွေ ညှိုးနွမ်းလာတယ်။ အစေ့တွေ ရင့်ရော်လာတာ သဘာဝပဲဖြစ်ပါတယ်။
ပြီးဆုံးခြင်းဆိုတာ ဘဝရဲ့သဘာဝအစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံဖို့ Accepting၊ နောက်အသစ်တစ်ခုဆီသို့ ပြောင်းလဲခြင်းကို လှပစွာ လုပ်ဆောင်နိုင်ဖို့
Transforming နဲ့ မလိုအပ်တော့တဲ့အရာတွေကို စွန့်လွှတ်တတ်ဖို့ Letting Go အရေးကြီးပုံကို သင်ပေးနေတာဖြစ်ပါတယ်။
နေကြာပန်းကလေးတွေဟာ မျှော်လင့်ချက်၊ ခံနိုင်ရည်ရှိမှုနဲ့ ကြီးထွားမှုတို့ရဲ့ အားကောင်းတဲ့သင်္ကေတတစ်ခုအဖြစ် ဖော်ဆောင်ပါတယ်။
သဘာဝရဲ့အရေးပါတဲ့ပန်းကလေးတွေဖြစ်သလိုဘဝသင်ခန်းစာတွေအနေနဲ့ကကျွန်မတို့ကို ..
🌻ကောင်းမွန်သောမျှော်လင့်ချက်တွေနဲ့ဘဝကို ရင်ဆိုင်နိုင်ဖို့
🌻ပတ်၀န်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲနိုင်ဖို့
🌻မိမိရဲ့ ကြီးထွားနိုင်တဲ့ အလားအလာ Potential of Growth ကို ပြုစုပျိုးထောင်နိုင်ဖို့
🌻လူမှုအသိုင်းအဝိုင်းမှာ အတူရှိရင်း အချင်းချင်း ရိုင်းပင်းနိုင်ဖို့
🌻လက်ခံတတ်ဖို့နဲ့စွန့်လွှတ်တတ်ဖို့
သင်ကြားပေးပါတယ်။
မွန်ဟော်စီ
၂၀၂၄ February
#မနက်စာအာဟာရ
Photo
FreeStock