06/07/2026
အိမ်အရောင်းပို့စ်လေးတင်တာ နဲ့ပတ်သက်ပြီး
လူတစ်ချို့ရဲ့ အတွင်းစိတ်ကောက်၊ မနာလိုမှုတွေ၊မုဒိတာမပွါးနိုင်မှုတွေကိုသိလိုက်ရတာအံ့ဩလို့စာအရှည်ကြီးရေးမိပြန်ပြီ။ ဒီလိုစာမျိုးက ဒါပထမဆုံးနဲ့နောက်ဆုံးရေးချင်းပါ။
လူတိုင်းကိုသူတို့ပေတံနဲ့တိုင်းတဲ့သူအချို့၊ လူတစ်ယောက်အမြဲဒုက္ခရောက်နေ၊ လဲကျနေမှ ကျေနပ်တဲ့သူအချို့ရဲ့ အကောင့်တုတွေ မန့်တွေဖတ်ရတာ အတော်လေးအံ့ဩမိပါတယ်။
မန့်တွေက သူတို့မန့်ပြီးပြန်ဖျက်တယ်၊ ဖေ့ဘွတ် ရဲ့ စည်းကမ်းအရ တစ်ချို့မန့်တွေက page မှာ auto hide ပစ်လိုက်တာတွေရှိတယ်။ အကုန် Screenshots လုပ်ထားတယ်။ အစကမရေးဘူးနေမလို့ပါ မသိဘူးထင်နေမှာ စိုးလို့ရေးလိုက်တာပါ။ ခင်ဗျားတို့ကိုယ်တိုင်ရော ကျနော့်လို၊ ကျနော့ အမေလို ဒုက္ခမျိုး မကြုံရဘူး၊ မအို၊ မနာ၊ မသေရဘူးမထင်နဲ့နော်၊ ပြန်လည်းမဖျက်နဲ့ မန့်တွေကို အကုန် screen shot ရိုက်ထားတယ်။
အမိုးတကယ်နေမကောင်း လို့ အိမ်အရောင်းပို့စ်တင်တာ လူတိုင်းအသိပါ တော်ရုံ ဒီpage ကနေ အမိုးနေကောင်းစဉ် ကတည်းက သားအမိ သွားတာ လာတာ ချက်ပြုတ်စားသောက်တာ ဒီလောက်ပဲတင်ခဲ့တာပါ။ အမိုးကိုနေ့စဉ် ခြေဆုတ်လက်နှယ် သားတစ်ယောက်အနေနဲ့ သေချာ ဂရုစိုက်ပြီး ရင်အုပ်မကွာ စောင့်ရှောက်ခဲ့တာ၊ နေ့စဉ်ချက်ပြုတ်ကျွေးမွေး ကိုယ် တိုင်ရေချိုးပေး သနပ်ခါးသွေးပေး ခဲ့တာ၊ အမိုး မနက် အိပ်ယာထတာနဲ့ သွေးပေါင်ချိန် ဆေးတိုက် အစစအရာရာ နိစ္စဓူဝကို အမိုး ပထမအကြိမ် လေဖြတ်အပြီး လွန်ခဲ့တဲ့ (၁၀) နှစ်ကတည်းကလုပ်ကိုင်ပေးခဲ့တာပါ။ အမိုးကတဖြည်း ဖြည်း ခလေးလေးဖြစ်လာလို့ ပိုပိုစိတ်မချဖြစ်ပြီး အလုပ်တောင် ဖြောင့်အောင်မလုပ်နိုင်ခဲ့ပါဘူး။ တော်ရုံမိသားစုခံစားချက်တွေ ပါစင်နယ် တွေတင်လေ့လည်းမရှိပါဘူး။ အမိုးနဲ့ စားမယ် သောက်မယ် လည်မယ် ဒီလောက်ပဲ တင်ခဲ့တာပါ။ တော်ရုံ အခက်ခဲနဲ့ဆို ချေးရငှါးရမှာ ရှက်ကြောက်လွန်းအားကြီးလို့ သူများဆီက ချေးမယ်၊ ငှါးမယ် ဆိုတာလည်း ဝေးပါ့။ ကိုယ်နဲ့ပတ်သက်ခဲ့ဘူးတဲ့သူတိုင်း အကူညီလိုရင် ကိုယ်ကပဲ ကူညီခဲ့၊ တွန်းတင်ခဲ့၊ ပေးခဲ့ ကမ်းခဲ့ လှူခဲ့တန်းခဲ့တာပါ။ အကြောင်းသိတဲ့သူတွေ ၊ လူရင်းတွေသိကြပါတယ်။ အခုအမိုးဖြစ်တော့လည်း စ စဖြစ်ချင်းကနေ (၆ )လ (၇ )လလောက်အထိက အမိုးနေမကောင်းတာ အသိပေးရုံ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ လောက်သာတင်ခဲ့တာပါ။ အဆင်မပြေတာ ခက်ခဲတာ တွေဆိုတာ လောကဓံ၊ လောကသဘာဝ လူတိုင်းကြုံရတာမို့ ညည်းတွားတာမရှိခဲ့ပါဘူး။ တောင့်နိုင်သလောက်တောင့်ခံထားခဲ့တာ (၁၁)လ ပါ အိမ်ရောင်းပို့စ်တင်ခဲ့တယ်ဆိုတာလည်း တကယ် ခက်ခဲလာခဲ့လို့၊ အကူညီယူထားသူတွေကို အားနာလို့ ပြန်ပေးချင်လို့ ပိုစ့်တင်ခဲ့တာပါ။ လူရင်းတွေကိုအပြင်မှာ ကြိတ်ရောင်းနေတာကြာပါပြီ။ ထိုင်းနိုင်ငံမှာဆေးကုတယ်ဆိုတာ အားလုံးသိကြတဲ့အတိုင်း ကုသရေးကောင်းသလို စျေးကလည်း ကောင်းပါတယ်။ အမိုးရောဂါကလည်း သာမာန်ရောဂါတွေလို ဟပ်ချလောင်းဆိုပြီး ပျောက်တာမျိုးမဟုတ်သလို နှစ်ရှည်လများ အချိန်ပေးကုရတဲ့ ရောဂါမျိုးပါ။ လူနာစောင့်တဲ့သူနာပြုနဲ့ ထားခဲ့ရတာနဲ့ အဆင်မပြေပါဘူး။ အမိုးက စကားမပြောနိုင်ပါဘူး။ အကုန်သိနေပါတယ်။ ဆိုတော့ ဟိုနားကယားတာ ဒီနားကနာတယ်ဆိုတာ သူမပြောပြနိုင်တဲ့အတွက်ဆို တစ်ခုခုဆို တစ်အားအော်ဟစ်နေခဲ့တာပါ။ အကြောင်းမသိတဲ့သူတွေနဲ့ ထားခဲ့လို့မရသလို ဘာသာစကားအခက်ခဲအတွက်လည်း အမိုးနားမှာ လူရင်း သူချစ်တဲ့သားသမီး မရှိလို့မရပါဘူး။ ပစ်ထားခဲ့ရင် စိတ်ကျသွားနိုင်ပါတယ်။ စိတ်နဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးစကားတွေနဲ့လည်း အနားမှာ အသံပေး ပြီး ကုသပေးရတဲ့ ရောဂါမျိုးပါ။ လူမပီသပဲ၊ သားသမီး တာဝန်မကျေပွန်ပဲ တကိုယ်ကောင်းဆန်ပြီး အသက်ကြီးနေလို့ပါ ဆက်မကုတော့ပါဘူး။ ထားလိုက်ပါတော့၊ မရတော့ပါဘူး၊ ဆိုပြီးတော့လည်းမထားခဲ့နိုင်ပါဘူး။ အိမ်ပြန်မခေါ်သွားနိုင်ပါဘူး။ ဒါကြောင့် အိမ်အရောင်းပိုစ့်တင်ခဲ့တာပါ။
တစ်ကယ်ဝယ်မည်ဆိုပါက သေချာ ညှိနှိုင်းပြီး ဖြစ်နိုင်တဲ့စျေးနဲ့ရောင်းချဖို့လည်း ပိုစ့်မှာ ရေးထားပြီးသားပါ။ ဒါကို တစ်ချို့သော အကောင့်တုတွေက လာမန့်ကြတယ် “စျေးရောင်းခြင်းအနုပညာတို့” “ပါမစ်မြေမို့စျေးကမတန်ဘူးတို့” လာရေးနေတာ ဘာဖြစ်လို့လည်း အချိုအချောင်နဲ့လိုချင်လို့လားသူများအပူနော်။ ပါမစ်မြေမို့ အပစ်ဖြစ်သွားလား? ခြံစ ဝယ်ကတည်းက သားအမိတွေ ပြန်ရောင်းဖို့မဟုတ်ပဲ နေဖို့ အတွက်ဝယ်ခဲ့တာမို့လို့ရယ်၊ ပါမစ်ကို ပိုက်ဆံရှိရင် ဂရမ်ပြန်လျှောက်လို့ရတာမို့ ပါမစ်တွေ ဂရံတွေ စိတ်မဝင်စားလို့ ခြံကိုဝယ်ခဲ့တာပါ။ ပါမစ်မူရင်းအတွက်လည်း စိတ်ထားကောင်းပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ အေးဆေးတဲ့ မူရင်းခြမ်းကိုင်ထားတဲ့ မိသားစုကလည်းဘေးအိမ်မှာရှိပြီးသားပါ။ ပါမစ်မြေက တရားမဝင်ဘူးလား? အစိုးရက တရားဝင်ချပေးထားတာမဟုတ်ဘူးလား? စာရွက်စစ်မှန်ရင် ဂရမ်ပြန်လျောက်လို့မရဘူးလား?
ကျနော်က အရမ်းငွေလိုနေလို့ ရော့အင့်ဆိုပြီးမတန်တဆစျေးနဲ့ ရောင်းပေးရမှာလား ? အလကားရထားတာဘာတစ်ခုမှမရှိဘူး တစ်ကယ်ဝယ်မယ်ဆို သူ့ဘက်ကိုယ့်ဘက် မျှမျှတတနဲ့ အဆင်ပြေအောင်ရောင်းပေးမယ်လို့လည်း ရေးထား မမြင်တာလား? မြောက်ဒဂုံကမြေစျေးကိုလည်း သူတို့သိတယ် တမင် စိတ်ဓာတ်ကျအောင် အကောင့်တုတွေနဲ့ အမျိုးမျိုး လူကို စိတ်ပျက်အားနည်း၊ အားငယ်အောင် လာရေးကြတယ်။ တစ်ချို့လည်း အကောင့်တုတွေနဲ့ မဝယ်ပဲ အမျိုးမျိုး အလုပ်လာရှုပ်ကြတယ်။
အမိုး အရမ်းဆိုးရွားပြီး ICU ယူထဲ ရောက်ခဲ့တယ် သားတစ်ယောက်အနေနဲ့ အမိုးနားမှာ နေ့မအိပ် ညမအိပ်နဲ့ သေချာကုသ စောင့်ရှောက်ပေးခဲ့လို အမိုးက မသေပဲ သေရွာကပြန်လာပြီး (၁၁)လဆိုတဲ့ အတိုင်းအတာမှာ သေချာကောင်း မွန်လာခဲ့တာပါ။ ဒါပေမယ့် ပြန်လည်သန်စွမ်းရေးအတွက်က သေချာတဲ့ ကျွမ်းကျင် လေ့ကျင့်ခန်းပညာရှင်တွေနဲ့ ဆက်လက်လေ့ကျင့်ကုသရမှာပါ။ ကျနော် သားတစ်ယောက်အနေနဲ့တာဝန်ကျေချင်ပါတယ်။ ဆင်မှာလည်း ဆင်အထွာ ရှိသလို ဆိတ်မှာလည်း ဆိတ်အထွာရှိပါတယ်။ သူကငါမဟုတ်သလို ငါကလည်းသူမဟုတ်ပါဘူး။ ကျနော် ရှိတဲ့ ပိုင်ဆိုင်တဲ့ ဟာလေးကို သင့်တော်တဲ့စျေးနဲ့ ရောင်းချကုသမှာပါ။ တက်မရရင် လက်ထိုးလှော် မှာပါ၊ ခေတ်ပျက်ကြီးထဲမှာ ကိုယ်အဆင်ပြေဖို့အတွက် သူတစ်ပါးဆီကငိုစားရယ်စား အမြီးကျက်အမှီးစားဖို့လည်း အစီစဉ်မရှိပါဘူး။ လိမ်ညာဖို့လည်းအစီစဉ်မရှိပါဘူး။ ကျနော် အသက်ငယ်ပါသေးတယ်။ ငွေကို အချိန်မရွေးပြန်ရှာလို့ရပါတယ်။ ကျနော့် အမေရဲ့ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားက ပြန်အစားထိုးလို့မရပါဘူး။ အိမ်ကြီးအိမ်ကောင်းပေါ်မှာ နေပြီး အမေကို ကုတင်ပေါ်မှာ အသက်ထွက်တဲ့အထိ မလှုပ်မယှက်မထားနိုင်ပါဘူး။ ရအောင်ကုပေးရမှာ သားသမီး ဝတ္တရားပါ။
ဒါကိုဘာလို့ သူတစ်ပါးအိမ်အရောင်းပိုစ့်အောက်မှာ မဟုတ်တာတွေ လာမန့်နေကြတာလည်း? ခင်ဗျားတို့မှာ မိဘမရှိလို့လား? ခင်ဗျားတို့ရော မအိုမနာ တော့ဘူးလား? ကျနော့်လို လောကဓံနဲ့ မကြုံနိုင်တော့ဘူးလား?ခင်ဗျားတို့ မိဘကို ကျနော့်လိုသေချာဂရုမစိုက်ခဲ့ရလို့ အငုံ့စိတ်၊ မနာလိုဖြစ်ပြီး ပေါက်ကရတွေလာမန့်နေတာလား?
တော်ရုံအခက်ခဲကို ကျနော် မမှုပါဘူး။ သားအမိတွေ ဆင်းဆင်းရဲရဲ ဘဝက ရုန်းကန်ခဲ့ရတာမို့ ဆင်းရဲသွားလည်း ဆင်းရဲဒဏ်ခံနိုင်ပါတယ်။ တစ်နေ့ကို လူတိုင်း ထမင်း(၃)နပ်ပဲစားကြတာပါ။ အခုက သူများ အိမ်အရောင်းပိုစ့်မှာ မုဒိတာမပွါးနိုင်ကြပဲ ကျနော်က အိမ်ရောင်းရဖို့ မိဘကိုချနင်း၊ ဗန်းပြတဲ့လူစားမျိုးလိုမျိုးလာရေးနေကြတာ ကိုယ်ချင်းစာတရားမဟုတ်ဘူးနော်။ စျေးရောင်းချင်း အနုပညာတွေ ဘာတွေလာမပြောနဲ့ ကျနော့်ဘဝ ကျနော်တို့သားအမိအကြောင်းကို အရင်လေ့လာပါလို့ ….
ဘာမဟုတ်တာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင် Page က အကိုအမ ဦးဦးဒေါ်ဒေါ်တို့ကိုလည်း အားနာပါတယ် တောင်းပန်ပါတယ် ခင်ဗျာ….
ဒီနေ့က အမိုး မတ်တပ်ရပ်၊ လမ်းလျောက်တဲ့နေ့ အရမ်းထူးခြားလာတယ် သေချာလေး ဒူးကွေးမကျပဲ အကူနဲ့လျောက်နိုင်လာပါတယ်
နေ့စဉ် ပုံတွေမြင်တိုင်း ဆုတောင်းပေးနေသူတိုင်း အားပေးစကားတွေပြောနေသူတိုင်း ကို အရမ်းကိုကျေးဇူးတင်ရပါတယ် 🙏🙏🙏
အနာရောဂါကင်းကြပါစေ 🙏🙏🙏